Today

Tomorrow

ဓူဝံကြယ် မြေမှာခကြွေ ... ကောင်းကင်မှာ နေလတွေကွယ်စေ
Posted by: Kamayut MEDIA Video-editer on August 19, 2014 at 17:56 PM

နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာဆိုတဲ့ စာပေသစ်လှုပ်ရှားမှုရဲ့ ဖခင်ကြီး၊ မြန်မာစာပေရဲ့ ကြယ်တာရာကြီးတစ်စင်း ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခဲ့တာ သြဂုတ် ၁၉ဆို တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဆရာကြီးမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ဆိုတဲ့ဆန္ဒ မပြည့်ခဲ့ပေမယ့် မြန်မာပြည်ဟာ ဆရာဒဂုန်တာရာ အိပ်မက်ခဲ့တဲ့ မုန်းသူမရှိ၊ ချစ်သူသာရှိဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ပေါ်ပေါက်ဖို့ လမ်းစမြင်နေပြီလား။

ဒီမိုကရေစီရဲ့သဘာဝက မတည့်သူတွေ စုပေါင်းနေထိုင်တဲ့စနစ်ဖြစ်ပြီး နိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာလို့ ပြောတဲ့ဆရာကြီး ဒဂုန်တာရာကို နားမလည်တဲ့သူတွေရှိတယ်လို့ ဆရာမောင်သာချိုက ပြောပါတယ်။ မိတ်ဆွေဖြစ်အောင်လုပ်တယ်ဆိုတာ ကိုယ်ယုံကြည်တဲ့အယူအဆကို မယုံတဲ့သူတွေကို ရန်မရှာဘဲ ကိုယ့်ယုံကြည်ချက်ကို လက်ခံလာအောင် စည်းရုံးရမှာဖြစ်လို့ ဆရာကြီး ဒဂုန်တာရာပြောတဲ့အဆင့်ကိုရောက်ရင်တော့ တကယ်သေချာတဲ့ ဒီမိုကရေစီကို ရောက်ပါပြီလို့ မှတ်ချက်ပေးပါတယ်။

ငြိမ်းချမ်းရေးလိုလားတောင့်တခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာဟာ ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ ၂ဝ၁၃ သြဂုတ် ၁၉ရက်နေ့မှာ လူကြီးရောဂါနဲ့ အသက် ၉၄နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်တွေနဲ့ ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ပြည်တွင်းစစ် ဆန့်ကျင်ရေး ငြိမ်းချမ်းရေးအတွက် ကွယ်လွန်ချိန်အထိ ရပ်တည်လှုပ်ရှားခဲ့တဲ့ စာပေဖခင်ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု ကြွေးကြော်သံဖြစ်တဲ့ မုန်းသူမရှိ ချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာဆိုတဲ့ အယူအဆဟာ အကြမ်းမဖက်တဲ့နည်းနဲ့ တုံ့ပြန်တဲ့နည်းလမ်းလို့ ထင်ရပေမယ့် တကယ့်နိုင်ငံရေးဖြစ်စဉ်မှာ ဆရာကြီးနည်းကသာ အမှန်ကန်ဆုံးနဲ့ အောင်မြင်တဲ့နည်းလမ်းပါလို့ မုံရွာအောင်ရှင်က ပြောပါတယ်။ ငြိမ်းချမ်းရေးသမားရဲ့ စိတ်ဓာတ်ဟာ မေတ္တာတရားကို ရှေ့တန်းတင်တဲ့နည်းပါလို့ ဆိုပါတယ်။

ဆရာကြီး ဒဂုန်တာရာဟာ "မေဝတ္တုနဲ့ လူသိများအောင်မြင်ခဲ့ပြီး ကဗျာ၊ ဆောင်းပါး၊ ခရီးသွားမှတ်တမ်းတွေကို ပြုစုရေးသားခဲ့ပြီး ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါဆိုတဲ့ လုံးချင်းဝတ္ထုရှည်ကို မထုတ်ဝေနိုင်ခဲ့ပေမယ့် အပြီးသတ်ရေးသားခဲ့ပါတယ်။

ဆရာကြီးရဲ့ မြန်မာစာအရေးအသားပုံစံသစ်ကို ရုပ်ပုံလွှာအရေးအဖွဲ့တွေမှာ ထင်ထင်ရှားရှားမြင်နိုင်သလို တာရာမဂ္ဂဇင်းကို ဦးစီးထုတ်ဝေပြီး စာပေသစ်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး မြန်မာစစ်အစိုးရအဆက်ဆက်ရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။

comments powered by Disqus